ပန်းသီးဗီနီဂါကို တိုနာအနေနဲ့ အသုံးပြုကြမယ်

အွန်လိုင်းကနေ နာမည်ကြီးလာတဲ့ ပန်းသီးဗီနီကာ(Apple Cider Vinegar) ကိုမျက်နှာပေါင်းတင်တဲ့နေရာမှာ အသုံးပြုကြပါတယ်။ အဆီချတဲ့အခါ ဒါမှမဟုတ် အစားအစာချက်ပြုတ်တဲ့အခါမှာလည်း ဒီပန်းသီးဗီနီဂါကို ထည့်သွင်းအသုံးပြုကြပါတယ်။ တခြားကော ဘယ်နေရာတွေမှာ အသုံးပြုလို့ရသေးလဲ။ တခါတလေ တိုနာကုန်သွားတဲ့အခါမှာ ပန်းသီးဗီနီဂါကို အစားထိုး အသုံးပြုလို့ရပါတယ်။ ဒီအတိုင်းတော့ သွားမသုံးလိုက်နဲ့နော်။ အရင်ဆုံး တိုနာပုံစံရအောင် အကူပစ္စည်းတွေ ထည့်သွင်းဖို့လိုပါသေးတယ်။ အကူပစ္စည်းဆိုလို့ တန်ဖိုးကြီးတာနဲ့ ရှားပါးတာ ထင်ပြီးလန့်မသွားနဲ့ဦး။ အကူပစ္စည်းတွေကလည်း ပျိုမေတို့မိတ်ကပ်စင်မှာ အလွယ်တကူရရှိနိုင်တဲ့ ပစ္စည်းတွေပါပဲ။

တိုနာက မျက်နှာပေါ်မှာရှိတဲ့ ချွေးပေါက်တွေကို ကျဉ်းစေပါတယ်။ ချွေးပေါက်ကျယ်နေတယ်ဆိုရင် မိတ်ကပ်လိမ်းတဲ့အချိန်မှာ ကွက်တာတွေနဲ့ မညီတာတွေ ဖြစ်လာနိုင်ပါတယ်။ ပျိုမေတို့ရေ မျက်နှာပေါ်မှာချွေးပေါက်တွေကျယ်တာက ကိုယ်ကိုယ်ကို ယုံကြည်မှုလျော့စေတာကြောင့် မျက်နှာသစ်ပြီး မိတ်ကပ်မလိမ်းခင်မှာ တိုနာကို ပထမဆုံးလိမ်းပေးပါ။

ပြင်ပမှာအလွယ်တကူ ဝယ်ယူလို့ရတဲ့ တိုနာအမျိုးအစားတွေအများကြီးရှိပါတယ်။ အယ်ကိုဟောပါတဲ့တိုနာတွေ၊ salicylic acid တွေနဲ့ အနံ့တွေပါနေတဲ့ တိုနာတွေက မျက်နှာအသားအရေကို ထိခိုက်စေပါတယ်။ အရည်အသွေးမကောင်းတဲ့ တိုနာအတုတွေလည်း စျေးကွက်ထဲမှာ အများကြီးရှိနေပါတယ်။ အရည်အသွေးမကောင်းတဲ့တိုနာ ဒါမှမဟုတ် တိုနာအတုတွေကို အသုံးပြုမိတယ်ဆိုရင် မျက်နှာနီတာ၊ ခြောက်သွေ့တာနဲ့ ရောင်ရမ်းတာတွေကို ကြုံတွေ့ရနိုင်တယ်နော်။

လက်ရှိအသုံးပြုနေတဲ့တိုနာက အရည်အသွေးကောင်းမကောင်း စစ်ဆေးပေးဖို့လိုပါတယ်။ တိုနာအသစ်ကို ပထမဆုံးအကြိမ် ဝယ်ယူတော့မယ်ဆိုရင် အတု၊ အစစ်ကို ခွဲခြားရပါမယ်။ ဝယ်ယူမယ့်တိုနာက အသားအရေနဲ့လိုက်မလိုက် သတိထားပေးရပါမယ်။ pH level ကိုလည်း စစ်ဆေးပေးရပါမယ်။

ပန်းသီးရှာလကာရှည်(ဗီနီဂါ) က အစားအသောက်အတွက်သာမကပါဘူး။ အလှအပအတွက်ကော ကျန်းမာရေးအတွက်ပါ အလွန်အသုံးဝင်တဲ့ ပစ္စည်းတစ်ခုပါ။ ပန်းသီးဗီနီဂါက စျေးမကြီးတာကြောင့် ပျိုမေတို့အနေနဲ့ စျေးဆိုင်တွေမှာ လွယ်လွယ်ကူကူဝယ်ယူနိုင်ပါတယ်။ တံဆိပ်တစ်မျိုးနဲ့ တစ်မျိုးတော့ စျေးနှုန်းတူမှာ မဟုတ်ပါဘူး။ ပန်းသီးဗီနီဂါရဲ့ လူသိနည်းတဲ့ လျှို့ဝှက်ချက်တစ်ခုရှိပါသေးတယ်။ အဲဒါကတော့ ဆံပင်အရောင်ဆိုးတဲ့အခါမှာလည်း ပန်းသီးဗီနီဂါ ထည့်သွင်းအသုံးပြုလို့ရတာပါ။ ဆံသားကျန်းမာရေးအတွက်လည်း အထောက်အကူပြုသေးတယ်နော်။

ပန်းသီးဗီနီဂါရဲ့ အစွမ်းသတ္တိက အရေပြား ဒါမှမဟုတ် အသားအရေရဲ့ pH ကို ထိန်းညှိပေးတာပါ။ ဘယ်အသားအရေအမျိုးအစား    မဆို အသုံးပြုနိုင်တာက ပန်းသီးဗီနီဂါရဲ့ အားသာချက်ပါပဲ။ အဆီပြန်တဲ့အသားအရေနဲ့ ဝက်ခြံထွက်လွယ်တဲ့ ပျိုမေတွေအတွက် ပန်းသီးဗီနီဂါက မရှိမဖြစ်ပါပဲ။ ပုံမှန်အသားရေပိုင်ရှင်နဲ့ ခြောက်သွေ့အသားရေပိုင်ရှင်တွေအတွက်တော့ အသားရေ အရေးအကြောင်းဖြစ်တာကို လျှော့ချပေးပါတယ်။

ပန်းသီးဗီနီဂါကို တိုနာအဖြစ်ပြောင်းလဲအသုံးပြုနိုင်တဲ့ နည်းလမ်း

ရေသန့် ဒါမှမဟုတ် သန့်စင်တဲ့ရေ

ပန်းသီဗီနီဂါ

လာဗင်ဒါ ဆီ (အလှကုန်ပစ္စည်းအရောင်းဆိုင်တွေမှာ လွယ်လွယ်ကူကူဝယ်ယူနိုင်ပါတယ်)

အဆင့်ဆင့်ပြုလုပ်ပုံ 👉👉

သာမန်အသားအရေ ပိုင်ရှင်များအတွက်

ခွက်တစ်ခုထဲကို ပန်းသီးဗီနီဂါ သုံးပုံတစ်ပုံ နဲ့ရေ သုံးပုံနှစ်ပုံ ရောစပ်ပါ။ လာဗင်ဒါဆီ အနည်းငယ်ထည့်ပြီး နှံ့အောင်မွှေပေးပါ။ ပါဝင်ပစ္စည်းတွေအားလုံး နှံ့စပ်သွားပြီဆိုရင်တော့ တိုနာအဖြစ်အသုံးပြုလို့ရပါပြီ။

အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေအတွက်

ခွက်တစ်ခုထဲကို ပန်းသီးဗီနီဂါ တစ်ဝက်နဲ့ ရေတစ်ဝက်ရောပြီး လာဗင်ဒါဆီအနည်းငယ်ထည့်ကာ နှံ့စပ်အောင်မွှေပေးပါ။ ပါဝင်ပစ္စည်းတွေအားလုံး နှံ့စပ်သွားပြီဆိုရင်တော့ တိုနာအဖြစ်အသုံးပြုလို့ရပါပြီ။

သတိထားရမှာက

ရောစပ်ထားတဲ့ တိုနာကို ဗူးသန့်သန့်ထဲမှာ ထည့်သွင်းသိမ်းဆည်းထားနိုင်ပါတယ်။ မနက်ခင်း တစ်ကြိမ် ညအိပ်ခါနီးတစ်ကြိမ် စုစုပေါင်း တစ်ရက်နှစ်ကြိမ် အသုံးပြုပေးနိုင်ပါတယ်။

ပန်းသီးဗီနီဂါကို တိုနာအနေနဲ့ ဘယ်လိုပြောင်းသုံးရမယ်ဆိုတာ ဒီလောက်ဆိုရင် နည်းလမ်းလေးတွေ သိသွားပြီလို့ထင်ပါတယ်။ နောက်နေ့တွေမှာလည်း ပျိုမေတို့အိမ်မှာ အလှကုန်ပစ္စည်းလေးတွေ လွယ်လွယ်ကူကူဖန်တီးပေးနိုင်တဲ့ နည်းလမ်းလေးတွေ ထပ်ပြောပြပေးဦးမယ်နော်။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password