အချိန်တိုင်းမှာ မွှေးရနံ့တွေသင်းနေစေဖို့

ရေမွှေးလေးတွေကဆွတ်ထားတဲ့သူကိုသာမကဘဲ ဘေးပတ်ဝန်းကျင်ကလူတွေကိုပါ စိတ်ကြည်လင်စေနိုင်တယ်လို့ဆိုပါတယ်။ ဒါကြောင့်အချိန်တိုင်းမှာ မွှေးရနံ့လေးတွေသင်းနေစေဖို့ နည်းလမ်းလေးတွေကိုသိထားကြဖို့အတွက်ဖော်ပြပေးချင်ပါတယ်နော်။

၁။ ဆံသားတွေထိပါမွှေးပျံ့နေစေရန်

ကိုယ်ကြိုက်တဲ့ရေမွှေးနံ့လေးကို ခေါင်းအစခြေအဆုံးမွှေးပျံ့နေချင်တဲ့ ပျိုပျိုတွေ ကိုကိုတွေအတွက်နည်းလမ်းလေးကတော့ ကိုယ်ခေါင်းဖြီးနေကျ brush ပေါ်ကိုရေမွှေးလေးဖြန်းပေးပြီး အဲဒီ brush နဲ့ခေါင်းကိုဖြီးပေးဖို့ပါပဲ။ ဒါဆိုရင်ဆံသားတွေလည်းမထိခိုက်ဘဲ ကိုယ်ကြိူက်တဲ့ရေမွှေးနံ့လေးကို ဆံနွယ်တွေမှာရနေစေမှာပါ။

၂။ ရေမွှေးဆွတ်ရမယ့်နေရာတွေ

ဒီနည်းလေးကတော့ သိတဲ့သူတော်တော်များပါတယ်။ ရေမွှေးရနံ့ကို တစ်နေကုန်ကြာရှည်ခံချင်တယ်ဆိုရင်တော့ သွေးခုန်နှုန်းစမ်းကြည့်လို့ရတဲ့နေရာလေးတွေဖြစ်တဲ့ လက်ကောက်ဝတ်၊ လည်ပင်းဘေးတစ်လျှောက်၊ နားရွက်အနောက်ဘက်တို့အပြင် ဒူးအနောက်နဲ့ တံတောင်ဆစ် တို့ကိုရေမွှေးဆွတ်ပေးနိုင်ပါတယ်၊ ဘာလို့လဲဆိုတော့ အဲဒီနေရာလေးတွေကအရေပြားပိုပြီးပါးလွှာတဲ့အတွက် ရေမွှေးနံ့ကိုပိုပြီးစွဲစေတာပါတဲ့။ အဲ ရေမွှေးမဆွတ်သင့်တဲ့နေရာကတော့ အင်္ကျီပေါ်ကိုပါ၊ အဝတ်စတွေကရေမွှေးနံ့ကိုမထိန်းထားနိုင်သလို အင်္ကျီကိုလည်းစွန်းထင်းစေနိုင်ပါတယ်။

၃။ သွားလေရာနေရာကို ရေမွှေးဘယ်လိုဆောင်သွားမလဲ

ကိုယ်အရမ်းကြိုက်တဲ့ရေမွှေးပုလင်းလေးကို သွားလေရာသယ်သွားချင်ပေမယ့် ဝန်အရမ်းလေးမှာဆိုးနေတယ်ဆိုရင်တော့ မပူပါနဲ့လို့၊ အိတ်မလေးစေမယ့်နည်းလမ်းလေးရှိပါတယ်။ အဲဒီနည်းလမ်းကတော့ ကိုယ်ကြိုက်တဲ့ရေမွှေးကို နားကြပ်တံ cotton bud တွေပေါ်ဖြန်းပြီး အဲဒီ cotton bud လေးတွေကို လေလုံတဲ့ zip bag လေးထဲထည့်ပြီးသယ်သွားရုံပါပဲ။

၄။ ရေမွှေးတွေကိုသိမ်းတဲ့နေရာမှန်ပါစေ

ရေမွှေးတွေကိုသေချာမထိန်းသိမ်းထားရင် အချိန်ခဏလေးအတွင်းမှာ ရေမွှေးနံ့တွေပျယ်သွားနိုင်ပါတယ်။ ဒါကြောင့် ရေမွှေးတွေကို ခြောက်သွေ့ပြီးနေရောင်တိုက်ရိုက်မထိတဲ့နေရာတွေမှာပဲသိမ်းထားသင့်ပါတယ်။ ရေချိုးခန်းထဲမှာလည်း မသိမ်းသင့်ပါဘူး၊ ဘာလို့လဲဆိုတော့ ရေချိုးခန်းက ရေငွေ့တွေကြောင့်စိုထိုင်းနေတာကြောင့် ရေမွှေးတွေကိုရနံ့ပျယ်စေနိုင်ပါတယ်။

၅။ ရေမွှေးနံ့တွေမပြောင်းစေဖို့

ရုပ်ရှင်တွေ ဒါမှမဟုတ် သီချင်းတွေထဲမှာလက်ကောက်ဝတ်ကို ရေမွှေးဆွတ်ပြီးရင်လက်နှစ်ဖက်ကိုအချင်းချင်းပွတ်တာမျိုးကိုမြင်ဖူးကြမှာပါ။ အမှန်တော့အဲလိုလုပ်လိုက်ရင် ရေမွှေးမှာပါတဲ့ မော်လီကျူးလေးတွေပျက်စီးကုန်တာကြောင့် ရေမွှေးအနံ့ကိုပါပြောင်းစေပါတယ်။ နည်းလမ်းအမှန်ကတော့ လက်ကောက်ဝတ်နှစ်ဖက်ကို ဖွဖွလေးထိပေးလိုက်တာပါပဲလို့ဆိုပါတယ်။

အခုလိုဆိုရင်တော့ပျိုပျိုတွေရော ကိုကိုတွေပါ အချိန်တိုင်းမွှေးရနံ့တွေသင်းနေစေမယ့်နည်းလမ်းတွေကို သိပြီးသွားပြီဆိုတော့ လိုက်လုပ်ကြည့်ကြရအောင်လားနော်။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password