2018 Oscar MakeUp and Hairstyling Award အကြောင်း တစေ့တစောင်း

ဒီတစ်ခေါက် Cosmetic Myanmar ပရိတ်သတ်ကြီးအတွက် မတ်လ ၄ရက်နေ့က အမေရိကန်နိုင်ငံ Los Angeles မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၉ဝ ကြိမ်မြောက် Oscar Awards ပွဲမှာ Makeup Artist ဆုအကြောင်းကို ဗဟုသုတအလို့ငှာ ပြောပြပေးချင်ပါတယ်။ ဆုရရှိသူကတော့ ဂျပန်လူမျိုး Kazuhiro Tsuji နဲ့ လုပ်ဖော်ကိုင်ဖက်နှစ်ဦးပဲ ဖြစ်ပါတယ်။ ဒီ Darkest Hour ရုပ်ရှင်နဲ့ အကောင်းဆုံး Makeup and hairstyling ဆုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဒါဟာ Makeup Artist အနေနဲ့ ဂျပန်လူမျိုး ပထမဦးဆုံး ရရှိတဲ့ Award ပဲဖြစ်ပါတယ်။

ဒီ “Darkest Hour” ဇာတ်လမ်းဟာ ဗြိတိသျှ စစ်ခေါင်းဆောင် ဝင်စတန်ချာချီအကြောင်းကို အဓိက ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒါကြောင့်မို့ Kazuhiro Tsuji နဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်နှစ်ဦးမှာ ခေါင်းဆောင်မင်းသားဖြစ်သူ Gary Oldman ကို သူ့ရဲ့မိတ်ကပ်ပညာရပ်ကို အသုံးချပြီး ဝင်စတန်ချာချီနဲ့ တူအောင် ပြင်ဆင်လိမ်းခြယ်ပေးခဲ့ကြရတာပါ။

ဝင်စတန်ချာချီနဲ့ မင်းသား Gary Oldman တို့ရဲ့မျက်နှာအချိုးအစားတွေဟာ မတူညီတဲ့ပုံစံတွေဖြစ်လို့ Gary Oldman ကို ဝင်စတန်ချာချီအဖြစ် ပြောင်းလဲဖန်တီးရာမှာ သူ့အတွက် ကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ် ဖြစ်ခဲ့တယ်လို့ ဆုရရှိသူ Kazuhiro Tsuji ကဆိုထားပါသေးတယ်။ Kazuhiro Tsuji ဟာ ဒီဇာတ်ကားအတွက် သူ့ရဲ့ ပန်းပုရုပ်များ အနုပညာလက်ရာများအတွက် တော်တော်ကြာကြာအချိန်ယူပြီး ဖန်တီးပြုလုပ်ခဲ့ပါတယ်။ မိတ်ကပ်ပုံစံအနေအထား ထွက်လာပုံနဲ့ ဒီမိတ်ကပ်ဟာ Gary Oldman သရုပ်ဆောင်ရာမှာ သက်တောင့်သက်သာနဲ့ အဆင်ပြေပြေရှိနေစေဖို့အတွက် သူဟာ မိတ်ကပ်စမ်းသပ်ချက် ၅ကြိမ် ပြုလုပ်ခဲ့ပါတယ်။

မျက်နှာပုံအစိတ်အပိုင်းအတုကို အသုံးပြုပြီးတော့ ပြုလုပ်ဖန်တီးခဲ့ခြင်းဖြစ်ပြီး သူတို့နှစ်ဦးရဲ့မျက်နှာ အနေအထားဟာ လုံးဝကို ကွဲပြားခြားနားမှုရှိနေတာကြောင့် Kazuhiro Tsuji အတွက် ဒီမိတ်ကပ်ပြင်ဆင်မှုဟာ အတော်လေးကို ခက်ခဲစေခဲ့ပါတယ်။ ဝင်စတန်ချာချီရဲ့မျက်လုံးပြူးကျယ်ပြီး တစ်လုံးနဲ့တစ်လုံး စိတ်စိတ်ဖြစ်မနေဘဲ Gary Oldman ရဲ့ မျက်လုံးများကတော့ အတွင်းထဲ နက်ဝင်တဲ့ပုံစံအမျိုးအစားဖြစ်ပြီး တစ်လုံးနဲ့တစ်လုံး နီးကပ်နေစေမှုဟာလည်း သူ့အတွက်တော့ အတော်လေး ခေါင်းစားစေခဲ့တဲ့အချက်လည်း ဖြစ်ခဲ့ပါတယ်။ ဒါတင်မကဘဲ မျက်နှာပြင်အချိုးအစား မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်တွေနေရာတွေရဲ့ အထားအသိုများဟာလည်း နီးနီးစပ်စပ်တောင် မတူညီကြတဲ့အတွက် သူ့အတွက်တော့ လုပ်ဆောင်ချက်တိုင်းဟာ တကယ့်ကို အခက်အခဲတွေချည်းဘဲ ဖြစ်ခဲ့ပါတယ်။

Gary Oldman ရဲ့ ပါးပြင်၊ မေးရိုးများ၊ လည်ပင်း၊ နှာခေါင်းနဲ့ မေးစေ့နေရာတို့အတွက် အစိတ်အပိုင်း အတုတွေ ဖန်တီးပြုလုပ်ခဲ့ပြီး မျက်လုံး၊ နဖူးနဲ့ ပါးစပ်များကိုတော့ Gary Oldman ရဲ့ မူလအစိတ်အပိုင်းများ အတိုင်းသာ အသုံးပြုခဲ့တာဖြစ်ပြီး ချာချီရဲ့ ခပ်ကျဲကျဲပါးပါး ဆံပင်တွေနေရာမှာတော့ နူးညံ့တဲ့ ကလေးဆံပင်အတုလေးတွေကို အသုံးပြုခဲ့ရပြီး ၁ဝရက်တစ်ကြိမ် အစားထိုးပေးခဲ့ရပါတယ်။ သူ့ရဲ့ပန်းရောင်သန်းတဲ့ အသားအရောင်အတွက်ကိုတော့ မိတ်ကပ်ပညာ အသုံးပြုပြီး ဖန်တီးခဲ့တာဘဲ ဖြစ်ပါတယ်။

ဒီလိုအစိတ်အပိုင်းတစ်ခုချင်းစီအတွက် ခက်ခဲမှု အဆင့်ဆင့်ကို ဖြတ်ကျော်ခဲ့ပြီး မင်းသား Gary Oldman ကို ဝင်စတန်ချာချီနဲ့ တူအောင် ဖန်တီးနိုင်ခဲ့မှုကြောင့် သူဟာ ၂ဝ၁၈ခုနှစ်ရဲ့ Makeup and hairstyling Oscar Award ဆုကို ထိုက်တန်စွာ ရရှိခဲ့တာဘဲ ဖြစ်ပါတယ်။

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password